“တောင်းပန်ခြင်း” ဟာ “ရှုံးနိမ့်ခြင်း” မဟုတ်ပါဘူး။
လုပ်ငန်းတစ်ခုအနေနဲ့ “တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ပြောဆိုရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ “တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးကို ပါးပါးနပ်နပ်အသုံးပြုလိုက်တာက မီးတောက်နေတဲ့ Customer ရဲ့စိတ်ခံစားချက်ကို ရေနဲ့ပက်လိုက်သလို ငြိမ်းအေးသွားစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။
ဒါကြောင့် ဒီလိုအစွမ်းထက်တဲ့ “တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးရဲ့ အရေးပါပုံကို Newness ကနေ မျှဝေပေးလိုက်ပါတယ်။
🔶 အမှားမရှိဘဲ ဘာကြောင့် တောင်းပန်သင့်တာလဲ?
အများစုက “ငါတို့ဘက်က မမှားဘဲ ဘာလို့တောင်းပန်ရမှာလဲ” လို့ တွေးတတ်ကြပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှုပေးတဲ့နေရာမှာ တောင်းပန်ခြင်းဟာ အပြစ်ရှိလို့ဝန်ခံခြင်းဆိုတာထက် “အဆင်မပြေဖြစ်သွားတဲ့ Customer ရဲ့ ခံစားချက်ကို နားလည်ပေးခြင်း (Empathy) ကို ပြသတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါသထွက်နေတဲ့ Customer အမှားအမှန် ငြင်းခုံခြင်းထက် “တောင်းပန်ပါတယ်” လို့ စပြောလိုက်ခြင်းက တစ်ဖက်လူရဲ့ခံစားချက်ကို တစ်ထစ်လျော့ကျစေပါတယ်။
🔶 တောင်းပန်ခြင်းရဲ့အလုပ်လုပ်ပုံ
စိတ္တဗေဒအရ လူတစ်ယောက်ဟာ သူ့ရဲ့ မကျေနပ်မှုကို တစ်ဖက်က တောင်းပန်မှုနဲ့ တုန့်ပြန်လိုက်တဲ့အခါ ဦးနှောက်ထဲက ဒေါသဖြစ်စေတဲ့ အာရုံကြောတွေဟာ သိသိသာသာ ပြေလျော့သွားတတ်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုစတင်တဲ့အခါ အမှားအမှန် ငြင်းခုံနေရင် ၁ နာရီလောက် ကြာမယ့်ကိစ္စကို “တောင်းပန်ပါတယ်၊ ဘယ်လိုကူညီပေးရမလဲ” နဲ့ စတင်လိုက်တာက ပြဿနာကို ၅ မိနစ်အတွင်း ပြီးသွားစေနိုင်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင်လည်း “ဒီ Brand က တာဝန်ယူမှုရှိတယ်၊ ယဉ်ကျေးတယ်” ဆိုတဲ့ အမြင်မျိုး ရရှိစေပြီး Brand ပုံရိပ်ကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
🔶 ထိရောက်တဲ့ “တောင်းပန်မှု” ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?
“တောင်းပန်ပါတယ်” လို့ ပြောရုံနဲ့ မပြီးပါဘူး။ ပြောပုံပြောနည်း မှားရင်လည်း ပြဿနာကို မီးလောင်ရာလေပင့်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် တောင်းပန်တဲ့အခါ “တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးရဲ့နောက်မှာ “ဒါပေမဲ့” ဆိုတဲ့ အကြောင်းပြတဲ့စကားလုံးကို မသုံးမိပါစေနဲ့။ အဲ့ဒီအစား ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ Solution ကိုသာ ဖြေပေးလို့လိုအပ်ပါတယ်။ ဥပမာ – “ပစ္စည်းနောက်ကျတဲ့အတွက် တောင်းပန်ပါတယ်” ဆိုတာထက် “ပစ္စည်းနောက်ကျတဲ့အတွက် Customer ရဲ့အစီအစဉ်တွေ ပျက်သွားရလို့ တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်” ဆိုတာမျိုးက ပိုထိရောက်ပါတယ်။ ဒီလိုတောင်းပန်ပြီးရင်တော့ ဒီပြဿနာကို ဘယ်လိုကုစားမလဲဆိုတဲ့ အစီအစဉ်ကိုပါ တပါတည်းပြောပြပေးရပါမယ်။
🔶 အသုံးချနိုင်မယ့် နမူနာဖြေရှင်းနည်းများ
တောင်းပန်ခြင်းနဲ့ ပြဿာနာကိုဖြေရှင်းရတဲ့အခါ အခုလိုပုံစံနှစ်မျိုးနဲ့ ဖြေရှင်းရတတ်ပါတယ်။
- မိမိဘက်ကမှားယွင်းတဲ့အခါ “အခုလို အမှားအယွင်းဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ (Brand အမည်) အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပေါ့လျော့မှုဖြစ်လို့ အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးပါ့မယ်။”
- မိမိဘက်ကမှားယွင်းမှုမရှိတဲ့အခါ “ပစ္စည်းရောက်ဖို့ ကြန့်ကြာနေတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူးခင်ဗျာ။ ကျွန်တော်တို့ဘက်က ပစ္စည်းကို အမြန်ဆုံးရောက်အောင် Delivery နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ”
🔶 သတိပြုရမယ့်အချက်
“တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးဟာ အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ခဏခဏမှားပြီး ခဏခဏတောင်းပန်နေရရင်တော့ အစွမ်းမထက်တော့ပါဘူး။ “တောင်းပန်မှု” ရဲ့ နောက်ကွယ်မှာ “တိုးတက်ပြောင်းလဲမှု” ပါမှသာ Customer ရဲ့ ယုံကြည်မှုကို ရေရှည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုအနေနဲ့ ပြဿနာတွေနေ့စဉ်နဲ့အမျှ ကြုံတွေ့လာရတဲ့အခါတိုင်းမှာ “တောင်းပန်ပါတယ်” ဆိုတဲ့စကားလုံးကို “ရှုံးနိမ့်ခြင်း” လို့အဓိပ္ပါယ်မကောက်ယူဘဲ လုပ်ငန်းရဲ့ပုံရိပ်ကို မြှင့်တင်နိုင်တဲ့နည်းလမ်းအဖြစ် ပါးပါးနပ်နပ်အသုံးပြုသင့်ပါတယ်။